အဓိပတိ(၃)ပါး
➖➖➖➖➖➖➖➖
အတ္တာဓိပတိ
•••••••••••••••
မိမိကိုယ်ကိုအားထားပြီး တရားအား ထုတ်ရမယ်။ စားစရာ၊ နေစရာမရှိလို့ အားထုတ်တာ မဟုတ်ဘူး။ အို နာ သေ ဘေးတည်းဟူသော သံသရာဝဋ်ဆင်းရဲတို့မှ လွတ်မြောက် နိုင်အောင်လို့ တရား အားထုတ်ခြင်း ဖြစ်တယ်။ အဲဒါကို "အတ္တာဓိပတိ"လို့ ခေါ်တယ်။
လောကာဓိပတိ
••••••••••••••••••
လောကကြီးကိုလည်း အဓိပတိထားပြီး အားထုတ်ရမယ်။ တရားအားထုတ်တယ်လို့ အမည်ခံပြီး တရားအားထုတ်ချိန်မှာ လောဘ၊ ဒေါသ၊ မောဟတွေ ဖုံးလွှမ်းပြီး အရောင်းအဝယ် ကိစ္စတွေ စဉ်းစားမနေနဲ့၊ ထိနမိဒ္ဓလဲ မဖြစ်နဲ့၊ ပျင်းလဲမပျင်းနဲ့၊ အိပ်လဲမအိပ်နဲ့၊ စိတ်က လဲ လေလွင့်မနေနဲ့၊ မတော်တာတွေ လုပ်နေရင် ကိုယ်စောင့်နတ်နဲ့ သမ္မာဒေဝ နတ်ကောင်း နတ်မြတ်တွေလည်း သိတယ်၊ အဘိညာဉ်ရတဲ့ ပုဂ္ဂိုလ်တွေ လည်းသိတယ်။ ဒါကြောင့် လောကကြီးကို ရှက်ကြောက်ပြီး အားထုတ်ရမယ်။ အဲဒါ လောကကို အဓိပတိထားပြီး အားထုတ်လို့ "လောကာဓိပတိ"လို့ ခေါ်တယ်။
ဓမ္မာဓိပတိ
•••••••••••••
တရားတော်ကိုလည်း အဓိပတိထားပြီး ရိုသေလေးစားစွာ တရားအားထုတ်ရမယ်။ တရားတော်ကို ဝိပဿနာဉာဏ်နဲ့ မြင်အောင် ကြည့်ရမယ်။ တရားမမြင် တရားမပေါက်တာဟာ တရားမရှိလို့ မဟုတ်ဘူး။ တရားတော်ကို မလေးစားလို့ မမြင်တာလို့ ဆုံးဖြတ်ချက်ချပြီး တရားတော်ကို အဓိပတိထားပြီး အာထုတ်ရမယ်။ အဲဒါကို "ဓမ္မာဓိပတိ" လို့ ခေါ်တယ်။
ယောဂီတို့ တရားအားထုတ်ဖို့ အချိန်တော်ပြီ။ အသေက ဦးသွားဦးမယ်။ ရခဲလှတဲ့ လူ့ဘဝ၊ ကြုံကြိုက်ခဲလှတဲ့ ဘုရားသာသနာနဲ့ တွေ့ကြုံ နေခိုက်မှာ အို နာ သေ မွဲ ကွဲဆိုတဲ့ သံသရာဝဋ် ဆင်းရဲမှ လွတ်မြောက်အောင် ဝိပဿနာ အကျင့်မြတ်ကို အားထုတ်တော့မယ်လို့ ဆုံးဖြတ်ပါ။
=================================
မိုးကုတ်ဆရာတော်ကြီး၏
မသိမဖြစ် ဓမ္မအနှစ် အခြေပြုတရားစုများမှ
credit > zaw min maw
No comments:
Post a Comment